Saturday, June 25, 2011

လိမ်ညာတာနဲ့ ဟန်ဆောင်တာ


လိမ်ညာတာနဲ့ ဟန်ဆောင်တာကို လိမ်ညာဟန်ဆောင်တယ်လို့ တွဲပြီး ပြောလေ့ပြောထရှိပါတယ်။
တကယ်တော့ လိမ်ညာတာ နုတ်မှုရေးရာနှင့် ပတ်သက်ပြီး၊ ဟန်ဆောင်တယ်ဆိုတာက ကိုယ်မှုရေးရာနှင့်
သက်ဆိုင်ပါတယ်။ ဓမ္မပဒမှာ ရှင်တော်မြတ်ဘုရား မိန့်ကြားထားတာ တစ်ခုရှိပါတယ်။
ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော၊ ၀ိတိဏ္ဏပရ လောကဿ၊ နတ္ထိပါပံ အကာရိယံ။
မှန်သောတရားတစ်ခုကိုလွန်၍ မုသာစကားလိမ်ညာ ပြောဆိုလေ့ရှိသော နောင်ဘ၀အတွက်
ဆင်ခြင်စဉ်းစားခြင်း မရှိသော သူအား မပြုနိုင်မည့် အကုသိုလ်မည်သည် မရှိ။ လိမ်ညာပြောဆိုတတ်တဲ့ လူဟာ
တော်တော်ကြောက်စရာကောင်းတာပဲနော်။ ငါးပါးသီလ၊ ရှစ်ပါးသီလ ရှိတဲ့အထဲမှာ မုသာဝါဒကံ တခုကလွဲရင်
ကျန်တဲ့သီလ အကုန်လုံတယ်လို့ ပြောရင် ဒီလူကို ဘယ်လိုလုပ် ယုံရတော့မှာလဲ။ သူတပါးအသက်ကို
သတ်တယ်၊ သူတပါးပစ္စည်း မတရားယူတယ်၊ လင်ရှိမယား၊ မယားရှိလင်နဲ့ ပြစ်မှားဖေါက်ပြန်တယ်၊
မူးရစ်စေတတ်စော အရက်တေဇာတို့ကို သောက်စားတတယ်။ ဒါပေမဲ့ အဲ့ဒါတွေ တခုမှမလုပ်ပါဘူးလို့ပြောရင်
ယုံရပမလား။ ဘာကြောင့်လဲဆိုတော့ သူကလိမ်ညာပြောတတ်တဲ့လူလေ။ ဒါကြောင့် မြတ်စွာဘုရားက မိန့်တော်
မူခဲ့တာပေါ့ ။ မုသားစကားလိမ်ညာ ပြောဆိုတတ်သူသည် မပြုလုပ်နိုင်သည့် အကုသိုလ်မည်သည်မရှိဘူးတဲ့။ ။
     ဟန်ဆောင်တာကြတော့ လိမ်ညာတာနဲ့မတူဘူး။
လူဆိုတာ အပုပ်ကောင် ရုပ်ဆောင်ထားတာမဟုတ်လား၊ လူ့ခန္ဓာဆိုတာ မသေလည်း ပုပ်၊ သေလည်း
ပုပ်တဲ့ခန္ဓာပါ။ လူကထွက်တဲ့အရာတွေဟာ မြတ်နိုးစရာ စွဲလန်းစရာ တစ်ခုမှ မရှိပါဘူး။ တကယ့်ရွံရှာဖွယ် အတိ
နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာအိမ်ကြီးပါပဲ။ ထိုအပုပ်ကောင်ကို လူ့ဘောင်မှာ နေရာသွင်းဖို့ကျတော့ မပုပ်အောင်
လုပ်ရပါ တော့တယ်။ နံနေတဲ့ ဒီခန္ဓာကို ဘယ်တော့မှ မနံပဲမွှေးနေသလို အမွှေးနံ့သာတွေ ခြယ်ရပါတယ်။
ဖြူနေတဲ့ ဆံပင်တွေကို မည်းအောင်ဆိုးတာ၊ တွန့်နေတဲ့ပါးရေတွေဖုံးအောင် မိတ်ကပ်တွေ သုံးတာဟာ
တစ်ခြားသူအမြင်မှာ မိမိကိုယ်ငယ်စေချင်တဲ့စိတ်နဲ့ ဟန်ဆောင်နေတာတွေပါပဲ။ အားလုံးကို ကောင်းနေဟန်
သရုပ်ဆောင်နေကြတာ ဟန်ဆောင်မှုတွေနဲ့ ဖုံးအုပ်ထားတာ၊ ဒါတွေဟာ ဟန်ဆောင်နေကြတာပဲနာ်။
     ဟန်ဆောင်ခြင်းမှာကြတော့၊ မာယာနဲ့ သာဌေယျ ဆိုပြီးခွဲခြားထားပါသေးတယ်။
မာယာဆိုတာက၊ မိမိမှာမရှိသည်ကိ ရှိသယောင်ယောင်ပြုခြင်းနှင့် မိမိမှာ တကယ်ရှိသော အပြစ်များ၊
အားနည်းချက်များကို ဖုံးကွယ်ခြင်းတို့ပါပဲ။ မာယာဟာ မကောင်းမှု အကုသိုလ်ပါပဲ။ ယောက်ျားဖြစ်စေ၊
မိန်းမဖြစ်စေ၊ ရှင်ဖြစ်စေ၊ ရဟန်းဖြစ်စေ မာယာများလာသည်နှင့် ပျက်စီးသည့် ဘ၀နှင့်ကြုံရတော့သည်။
ဖုံးကွယ်မှု မာယာတွေ များလာရင်တော့ လောကကြီးပျက်စီးဖို့ ဦးတည်နေပြီလို့ မှတ်ရပါတော့မယ်။
ကောက်ကျစ်ယုတ်မာတဲ့ ဟန်ဆောင်ခြင်းမျိုးကို ပါဠိတော်မှာ သာဌေယျ လို့ခေါ်ပါတယ်။
မိမိကိုယ်ကျိုးစီးပွားအတွက် မထိုက်တန်သော အကျိုးစီးပွားကို မမှန်ကန် သောနည်းလမ်းဖြင့် အရယူတတ်တဲ့
သဘောပါပဲ။ မိမိရှင်သန်ရာ ၀န်းကျင်က မိမိကို အထင်ကြီးလေးစားစေဖို့ ငွေမရှိပဲ ရှိဟန်ဆောင်တယ်။
ဂုဏ်မရှိပဲ ရှိဟန်ဆောင်တယ်။ပညာမရှိပဲ ရှိဟန်ဆောင်တယ်။ သီလမရှိပဲ ရှိဟန်ဆောင်ကြတယ်၊
မစွမ်းဆောင်နိုင်ပဲ စွမ်းနိုင်သယောင် ဆောင်တာတွေ စသဖြင့် များစွာရှိပါတယ်။
ဟန်ဆောင်မှုသာဌေယျဘာကြောင့်ဖြစ်ရတာလဲဆိုတော့မြင်မြင်သမျှတွေနှင့်ယှဉ်ပြိုင်လိုသည့်
မာနကြောင့်ပဲ ဖြစ်ပါတယ်။ ဟန်ဆောင်မှုဆိုတဲ့ သာဌေယျ နဲ့ ဖုံးကွယ်မှု မာယာတွေ များလာရင်တော့
လောကကြီးပျက်စီးဖို့ ဦးတည်နေပြီလို့ မှတ်ရပါတော့မယ်။ ရှင်တော်မြတ်ဘုရားက အင်္ဂုတ္တရနိကာယ်၊
စတုက္ကနိပါတ်၊ ရောဟိတ ဿဝဂ်မှာ ရောဟိတနတ်သားကို မိန့်တော်မူတာကတော့ အို ..နတ်သား
စင်စစ်အားဖြင့် သညာလည်းရှိသော၊ စိတ်လည်း ရှိသော တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌သာလျှင်
လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်း ကောင်း၊ နိဗ္ဗာန်သို့ရောက်ရာ
အကျင့်ကိုလည်းကောင်း ငါပညတ်၏။ လို့ ရှင်တော်မြတ်ဘုရား မိန့်တော်မူခဲ့ ပါတယ်။ မိမိ၏ တစ်လံမျှသော
ဤကိုယ်သည် မိမိလောကဖြစ်၏။ မာယာ သာဌေယျတရားတို့ဖြင့် ဖန်တီးထားသော ဘ၀အိမ်သည်
အမှန်တရားဆိတ်သုဉ်းနေသဖြင့် ပျက်စီးဖို့အတွက်သာလျှင် ဖြစ်ချေတော့၏။
ဒါကြောင့် ဟန်ဆောင်မှုတွေနဲ့ ပြည့်နေတဲ့လောကကြီးကို အမှန်အတိုင်းသိခဲ့ရင် မက်စရာရယ်လို့ မရှိပါဘူး။ လူတွေက အိုခြင်းတရားကို အရွယ် နဲ့ဖုံးထားကြတယ်။ ငါ မအိုသေးဘူးလို့ပဲ မှတ်ကြတယ်။ အချိန်နဲ့အမျှ အိုနေတာ မသိလို့ပါ။ နာခြင်းတရားကို ဆေးဝါးဓာတ် စာနဲ့ ဖုံးထားကြတယ်။ အမြဲတမ်းဖောက်ပြန်ပျက်စီးနေတာ မသိလို့ပါ။ သေခြင်းတရားကို မသေနိုင်သေးဘူးဆိုတဲ့ အထင် တွေနဲ့ ဖုံးထားကြတယ်။ ဘယ်အချိန်မဆို သေနိုင်တယ်ဆိုတာကို မေ့နေကြလို့ပါ။
တစ်နေ့ကို အနည်းဆုံးတစ်ခါလောက် မိမိနာနဲ့ကြားလောက်ယုံ ရွတ်ဆိုကြည့်ပါလား။ ငါသည်အချိန်နှင့် အမျှ အိုနေပါလား၊ ငါသည်အချိန်နှင့်အမျှ နာနေပါလား။ ငါသည်အချိန်မရွေး သေမှာပါလားလို့လေ။
ရိုးသားတာဟာ သီလလို့ ဆရာတော်ကြီးတွေ အမိန့်ရှိခဲ့ကြပါတယ်။
ဒါကြောင့် တို့တတွေဘ၀ အစဉ်လှပနေရအောင် မာယာ သာဌေယျနှင့် လိမ်ညာမှုများ ကင်းနိုင်သမျှကင်းအောင်
ကြိုးစားကြရအောင်လို့ ဆန္ဒပြုပရစေ။
သတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ ။

Monday, June 20, 2011

ပတိရူပဒေသ၀ါသော စ ။


ကုသိုလ် ကျန်းမာ ပညာ စီးပွါး ဒီရေလားသို့ တိုးပွါးနိုင်ရာ သာသနာလည်း ဝေဖြာပွာစည် ရပ်ဌာနီ၌
သာကြည်ရွှင်ပျ နေထိုင်ရခြင်းသည် ၊ ဥတ္တမံ- ချမ်သာဆောင်တတ် လွန်ထူးမြတ်သည့်၊ မင်္ဂလံ-
ကောင်းမြတ်သော မင်္ဂလာပါပေတည်း ။
 မိမိနှင့် သင့်တော်ရာ အရပ်မှာ နေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာ ဖြစ်ပါတယ်။ အဲ့ဒီအရပ်ဟာ (၁)
မိမိအတွက် ကုသိုလ်တိုးပွါးနိုင်တဲ့ အရပ် ဖြစ်ရမယ်။ (၂) မိမိရဲ့ ကျန်းမာရေးနဲ့ သင့်တော်တဲ့နေရာ ဖြစ်ရမယ်။
(၃) မိမိအတွက် ပညာ ရနိုင်တဲ့နေရာ ဖြစ်ရမယ် ။ (၄) မိမိနှင့် သင့်တော်တဲ့ စီးပွါးရေး ပြုလုပ်လို့ ကောာင်းတဲ့
နေရာ ဖြစ်ရမယ် ။ (၅) အဲ့ဒီအရပ်ဟာ မိမိယုံကြည်ရာ ဘာသာ၊ သာသနာထွန်းကားရာအရပ် ဖြစ်ရမယ် ။
 ဒီလိုနေရာမျိုးကို ရွေးချယ်ပြီး နေရမယ်လို့ ရှင်တော်မြတ်ဘုရားက မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။
   သာဓကတခုအနေနဲ့ ပြောရမယ်ဆိုရင် ပန်းတနော်သားတဦးဖြစ်သူ ဦးသန့်ဟာ၊ ပန်းတနော်မြို့၌ဖြစ်စေ၊
တခြားမြို့တမြို့မှာဖြစ်စေ၊ ဘယ်ကိုမှ မသွားပဲ ငါ့မြေ ငါ့ပြေ(ပြည်) ငါ့ဘိုးဘွားပိုင်တဲ့မြေကနေ မစွန့်ခွာနိုင်ဘူး၊
ဘယ်ကိုမှ မသွားဘူး၊ ဒီမြေမှာပဲ အရိုးထုတ်တော့မယ်ဆိုတဲ့စိတ် ရှိခဲ့မယ်ဆိုရင်၊ ကမ္ဘာ့ခေါင်းဆောင်ကြီးများ
စုဝေးရာဖြစ်တဲ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့ကြီး၌ အတွင်းဝန်ချုပ်အဖြစ် တင်မြောက်ခြင်း ခံရမှာ
မဟုတ်ပါဘူး ။ ဒါကြောင့် ပန်းတနော်သား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းဝန်ချုပ်၏ ပတိရူပဒေသကား
နယူးယောက်မြို့ပဲ ဖြစ်ပါတယ် ။(မှတ်ချက်။ ။ ကိုယ့်နိုင်ငံကို စွန့်ခွာရမယ်လို့ မြောက်ပြောတာမဟုတ်ဘူးနော်၊)
  ဗိုလ်ချုပ်အောင်ဆန်းဟာလည်း မြန်မာနိုင်ငံ၏ အချက်အချာဖြစ်တဲ့ ရန်ကုန်မြို့တော်မှာနေပြီး၊ ကြိုးပန်းခဲ့လို့
တိုင်းပြည်လွတ်လပ်ရေး ရခဲ့တာဖြစ်ပါတယ်။ တကယ်လို့များ ဦးဖာ၊ ဒေါ်စု၏သား၊ နတ်မောက်မြို့သား
ကိုအောင်ဆန်းဟာ၊ ဟိုက်စကူးဖိုင်နယ်အောင်ပြီး နတ်မောက်မြို့လေးမှာ ကျောင်းဆရာလေးကိုအောင်ဆန်း
ဆိုပြီးနေနေရုံမျှနဲ့ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းနိုင်ပါ့မလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏
ပတိရူပဒေသဟာ ရန်ကုန်မြို့တော်ပဲ ဖြစ်ပါတယ်။
      ဒီတော့ကား မိမိနှင့် သင့်တော်ရာအရပ်ကို ရွေးချယ်ပြီး နေကြရအောင် ။ ။

Sunday, June 19, 2011

ဆွမ်းအကျိုး(၁၅)ပါး


ဆုတဆယ့်ငါးပါးရသော တကာမကြီး

ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...
"များများကုသိုလ်ရအောင် များများစားရတာပ"
ဟုအမိန့်ရှိပြီး အားပါးတရ ဘုဉ်းပေးတော်မူလေသည်။ ဆရာတော် အားပါးတရ ဘုဉ်းပေးသည်ကို မြင်ရသော ဒါယကာမကြီးမှာ များစွာကျေနပ်၍...
"အရှင်ဘုရား... များများဘုဉ်းပေးတော့ တပည့်တော်မ ၀မ်းသာတာဘဲဘုရား၊ နက်ဖြန် ဆွမ်းအုပ်လာပို့ပါဦးမယ်၊ ဒီထက်များများကြီး ချက်ခဲ့မယ်ဘုရား များများကြီးသုံးဆောင်ပါဘုရား"
"အေး... များများလှူတော့ များများကုသိုလ်ရတာပေါ့"
နောက်တနေ့တွင် ဒါယကာမကြီးပင် ဆွမ်းနှင့် ဆွမ်းဟင်းများကို များများကြီးချက်ခဲ့ရာ ဆရာတော်မှာ ကုန်အောင်ပင် ဘုဉ်းပေးတော်မူသဖြင့် ဗန်းမော်သူ ဒါယကာမကြီးက "တပည့်တော်မ ကုသိုလ်များများ လိုချင်လို့ များများကြီးချက်ခဲ့တာ၊ ဆရာတော် အားပါးတရ ဘုဉ်းပေးတော့ တပည့်တော်မ သိပ်ပြီးဝမ်းသာတာဘဲဘုရား၊ တပည့်တော်မကို ဆုတွေ များများကြီးပေးတော်မူပါဘုရား"
ဆရာတော်မှာ ဒီတခါမှ မျက်လုံးပြူးချေပြီး...
"အင်း... တကာမကြီး ဆွမ်းတွေများများ ဘုန်းပေးထားတော့ ဆုတွေ များများကြီးပေးစေချင်တာလဲ ဟုတ်ပါရဲ့၊ ကျုပ်ကလဲ များများကြီးပေးချင်ပါရဲ့၊ ဒါပေမဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဆွမ်းအကျိုးက ငါးပါးဘဲရှိတော့ ကျုပ်ကပိုပေးချင်လို့ မရဘူး တကာမကြီးရဲ့၊ အဲဒီတော့ ဘုရားဟောခဲ့တဲ့ ဆွမ်းအကျိုး ငါးပါးကို တကာမကြီး ရမှာက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊ ဥစ္စာပစ္စည်းများခြင်း စတဲ့ အကျိုးငါးပါးနဲ့ တလုံးတ၀တည်း ပြည့်စုံစေဗျား"

ဗန်းမော်သူဆွမ်းအမကလည်း ဆုငါးပါးကို အားရကျေနပ်စွာပင် ဆွမ်းအုပ် ဆွမ်းအိုးတို့ကို တောင်း၌ထည့်ပြီး ကျောင်းအောက်ထပ်၌ တအောင့်တနား နားနေလေသည်။

မကြာမှပင် အခြားတကာမတဦးသည် ရေအိုးတလုံးရွက်လာပြီး ဆရာတော်အားလာရောက်၍ လှူဒါန်းပြန်သည်။ ဆရာတော်က ရေလှူရသောအကျိုးမှာ ဆယ်ပါးသောအကျိုးကို မတောင်းဘဲနှင့်ရသည်။ ရေသည် အရေးကြီးသော ပစ္စည်းဖြစ်၍ အကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ရသည်။
၁၊ စင်ကြည်ခြင်း
၂၊ လျှင်မြန်ခြင်း
၃၊ ကျော်စောခြင်း
၎၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅၊ အခြံအရံများခြင်း
၆၊ အသက်ရှည်ခြင်း
၇၊ အဆင်းလှခြင်း
၈၊ ခွန်အားကြီးခြင်း
၉၊ ပညာကြီးခြင်း
၁၀၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း
စသော အကျိုးဆယ်ပါး ရ ရှိ ကြောင်း ဟောကြားတော်မူလိုက်လေသည်။
ဗန်းမော်သူဆွမ်းတကာမသည် ရေလှူသူဆင်း၍အသွား ကျောင်းပေါ် သို့ပြန်တက်လာပြီး ဆရာတော်ရှေ့၌ ဆောင့်ကြီးအောင့်ကြီးထိုင်၍...
"ဆရာတော်ဘုရား မတရားဘူးဘုရား"
ဗန်းမော်ဆရာတော်မှာ ဘာများဖြစ်လာပါလိမ့်ဟု အံ့သြ၍ နေသည်။
"တပည့်တော်မမှာ ချက်လိုက်ရတဲ့ဆွမ်း၊ ချက်လိုက်ရတဲ့ဆွမ်းဟင်း၊ များများလှူရင် များများရတယ်ဆိုလို့ များများကြီးချက်လာတော့လဲ ဆရာတော်ဘုရားက ဆုငါးပါးထဲပေးတယ်။ တပည့်တော်မ ကျေနပ်ပါတယ်ဘုရား။ ဒါပေမဲ့ မပင်မပန်း ငွေမကုန်ပဲ ကန်ထဲက အလကားရတဲ့ရေခပ်ပြီးလှူတာတော့ အရှင်ဘုရားက ဆုတွေဆယ်ပါးတောင် ပေးလိုက်တယ်၊ ဒါ တရားသလား ဘုရား"

ဆရာတော်မှာ ထိုအခါမှ သဘောပေါက်ကာပြုံးနိုင်ရယ်နိုင်လာတော့သည်။

"တကာမကြီး ရေအကျိုးဆယ်ပါးက မတောင်းဘဲနှင့်ရတာ၊ တကာမကြီး ဆွမ်းချက်တော့ ရေနဲ့မချက်ရဘူးလား"
"ရေနဲ့ချက်မှ ဆွမ်းဖြစ်မှာပေါ့ဘုရား"
"ဆွမ်းဟင်းချက်တော့ ရေမပါဘူးလား"
"ရေပါရတာပေါ့ဘုရား"
"တကာမကြီး ရေနွေးကြမ်းကပ်တော့ကော ရေကိုဘဲ ကြိုချက်ပြီး လှူရတာဘဲ မဟုတ်လား"
"မှန်ပါ့ဘုရား"
"အဲဒီတော့ တကာမကြီး ဆွမ်း၊ ဆွမ်းဟင်းချက်တုန်းက ရေပါခဲ့တာရယ်၊ ရေကို ကြိုချက်ပြီးကပ်တာရယ်၊ အဲဒီ ရေအကျိုးဆယ်ပါးက မတောင်းဘဲနဲ့ ရပြီးသားဘဲ၊ ဆွမ်းအကျိုးငါးပါး ထပ်ပေါင်းလိုက်တော့ တကာမကြီးမှာ အကျိုး တဆယ့်ငါးပါးတောင်ရနေပြီဘဲ"
ဗန်းမော်သူ တကာမမှာ ထိုအခါမှ သဘောကျစွာ ပြုံးရယ်လာပြီး...
"ဒီလိုဆို တော်သေးတာပေါ့ ဘုရား"
ဟုကျေနပ်စွာ ပြောဆိုရင်း ၀တ်ပြု၍ ကျောင်းပေါ်မှ ဆင်းသွားတော့သည်။ နေပြည်တော်တွင် စွာခဲ့သမျှ ဗန်းမော်ကျမှ ဆုဆယ့်ငါးပါးရအောင် ကြံဖန်၍ပေးလိုက်ရသော မိမိ၏အဖြစ်ကို မိမိတွေးမိရင်း တပါးတည်း ပြုးမိလေသတည်း။ (စုချစ်သူ)


ပူဇာ စ ပူဇနေယျာန


“ပူဇာ စ ပူဇနေယျာနံ”=ရတနာသုံးဖြာ ဆရာမိဘ သီလစင်ကြယ် သက်ရွယ်ကြီးသူ ဂုဏ်ကြီးသူနှင့် ရှိမူကျေးဇူး ဖြောင့်ဖြူးစိတ်ဓါတ် ပူဇော်အပ်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်းသည် ဥတ္တမံ-ချမ်းသာဆောင်တတ် လွန်ထူးမြတ်သည့်၊ မင်္ဂလံ-ကြီပွါးချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာပါပေတည်း ။
    ပူဇော်ခြင်းသည် လက်အုပ်ချီမိုး ရှိခိုးပူဇော်ခြင်း၊ အရိုအသေပြုလျှက် ပူဇော်ခြင်း၊ ဂုဏ်ကျေးဇူးကို ချီးကျူး ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း၊ ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း စသည်ဖြင့် များပြားလှပေ၏ ။
   ရှေးအခါက သိခီမြတ်စွာဘုရား လက်ထက်တော်၌ ဒါယကာတဦးသည် ဆွမ်းခံကြွလာတော်မူသော မြတ်စွာဘုရားကို ကြည်ညိုလှသဖြင့် လက်အုပ်ချီမိုး ရှိခိုးပူဇော်လေ၏။ ထိုကောင်းမှုကြောင့် ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဟိမ၀န္တာအနီး ဥက္ကဌမြို့၌ သူကြွယ်တဦး၏သား ဖြစ်လာရ၏ ။ အင်္ဂဏိက အမည်ရ၍ မြတ်စွာဘုရားနှင့် တွေ့ပြီး တရားတော်ကိုနာကြားရ၏။ တရားနာပြီးသောအခါ သာသနာတော်၌ ရဟန်းအဖြစ်ခံယူ၍ ရဟန်းတရား ပွါးများအားထုတ်ရာ မကြာမှီပင် ရဟန္တာ ဖြစ်လေ၏။ လက်အုပ်ချီမိုး ရှိခိုး ပူဇော်ရုံမျှဖြင့်ပင် ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွားခဲ့လေသည်။
(ထေရဂါထာ- ၊ ပ၊ ၄၃၄၊ တိက ၊ အင်္ဂဏိကဘာရဒွါဇထေရ်ဝတ္တု)
ဒါ့ကြောင့် ပူဇော်ထိုက်သော ရတနာသုံးပါး၊ မိဘ၊ ဆရာ၊ နှင့် သီလစင်ကြယ်၍ သက်ရွယ်ကြီးသူ၊ ကျေးဇူးရှိခဲ့ဖူးသူ တို့ကို လက်အုပ်ချီမိုး၍၎င်း၊ အရိုအသေပြုခြင်းဖြင့်၎င်း၊ ဂုဏ်ကျေးဇူးကို ချီးကျူးခြင်းဖြင့်၎င်း၊ တရားဖြင့်သော်၎င်း၊ ၀တ္ထုပစ္စည်းတို့ဖြင့်သော်၎င်း ပူဇော်သမှု ပြုကြသေချင်ပါသည် ။ ။

ပဏ္ဍိတာနဉ္စ သေ၀နာ


 “ပဏ္ဍိတာနဉ္စ သေ၀နာ” ဒုစရိုက်ရှောင်ကြဉ် ကြောင်းကျိုးမြင်၍ ၊ ဖြူစင်စိတ်ဓာတ် သူတော်မြတ်ကို ၊
ဆည်းကပ်မှီတင်း ၊ ဆက်ဆံပေါင်းသင်းခြင်းသည် ၊ ဥတ္တမံ- ချမ်းသာဆောင်တတ် လွန်ထူးမြတ်သည့် ၊ မင်္ဂလံ-
ကြီးပွါးချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာပါပေတည်း ။
   ပညာရှိသူတော်ကောင်း၊ ပညာရှိမိတ်ဆွေများနှင့်သာ ရွေးချယ် ပေါင်းသင်းသင့်ပါတယ် ။
   ပညာရှိသူတော်ကောင်း လက္ခဏာ တွေကတော့
(၁)အပြစ်ကင်းသော အကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း= သုစိန္တိတစိန္တီ။
(၂)အပြစ်ကင်းသော စကားကိုသာ ပြောဆိုလေ့ရှိခြင်း= သုဘာသိတဘာသီ။
(၃)အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း= သုကတကမ္မကာရီ။ ဒီ(၃)ပါးနဲ့ ကိုက်ညီသူတွေကို
ရွေးချယ် ပေါင်းသင်းရမယ်လို့ (၃၈)ဖြာ မင်္ဂလာ တရားထဲမှာ မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါတယ် ။
ဒီလိုဆိုတော့ ပေါင်းသင်းစရာ မိတ်ဆွေ တော်တော်ကို ရှားပါးသွားမှာပဲနော်။ ဟုတ်တယ်လေ အထက်က
ဆိုခဲ့သလို သူတော်ကောင်းလက္ခဏာ(၃)ပါးနဲ့ ကိုက်ညီသူတွေကလည်း ရှားပါးတာကိုး။ ရပ်ထဲရွာထဲမှာ
နေနေရတာဆိုတော့လည်း မပေါင်းလို့ကလည်းမဖြစ်။ ကဲ..ဘယ်လိုကြမလဲ … ဒီလိုဆိုရင်တော့ဖြစ်မယ်
ထင်တယ်နော် ရှေးဆိုရိုးစကားအတိုင်း ကိုယ်ပေါင်း စိတ်ခွာ ပေါင်းရမှာပေါ့။ သူတို့ကြံတိုင်း ကိုယ်က မကြံနဲ့၊
သူတို့ပြောတိုင်း ကိုယ်ကလိုက်မပြောနဲ့၊ သူတို့လုပ်တိုင်း ကိုယ်က လိုက်မလုပ်နဲ့ ။ ရှင်တော်မြတ်ဘုရား
မိန့်ကြားတော်မူခဲ့တာကတော့ “စရဉ္စေ နာဓိဂစေ ၦယ်၊ သေယျံ သဒိသမတ္တနော။ ဧကစရိယံ ဒဠံ ကယိရာ၊ နတ္ထိံ
ဗာလေ သဟာယတာ။” မိတ်ဆွေရှာသောအခါ သီလ သမာဓိ ပညာ အကျင့်သိက္ခာအရာတွင် မိမိထက်
သာလွန်သူကိုဖြစ်စေ၊ မိမိနှင့် တန်းတူသူကိုဖြစ်စေ မတွေ့လျှင် တယောက်တည်းသာ နေရာ၏။
     ရှေးအခါ ပဉ္စာလတိုင်းက ကျေးညီနောင်အကြောင်းကို လူတိုင်းသိကြမှာပါနော် ။ ဓါးပြရွာကိုရောက်သွားတဲ့
ကျေးသားနဲ့၊ ရသေ့သူတော်ကောင်းများထံ ရောက်သွားတဲ့ကျေးသားတို့ဟာ တအူတုံဆင်း ညီအကိုရင်းတွေ
ဖြစ်ကြပေမဲ့ ဘာ့ကြောင့် ကွာခြားသွားရတာလည်း ဆိုတာလေ ။အားလုံးသိပြီုးဖြစ်မှာပါ ။
   “တဂရဉ္စ ပလာသေန ၊ ယောနရာ ဥပနယှတိ။ ပတ္တာပိ သုရဘိဝါယန္တိ၊ ဧ၀ံ ဓီရူပသေ၀နာ။”
တောင်ဇလပ်ပန်းကို ပေါင်းဖက်ဖြင့်ထပ်လျှင် ပေါင်းဖက်ပါ ရနံ့မွှေးကြိုင်ပါသည်။ ထို့အတူ ပညာရှိ
သူတော်ကောင်းနှင့် ပေါင်းသင်းလျှင် သူတော်စိတ်မြတ် အရှိန်ဟပ်ကာ သူတော်သူမြတ်ပင် ဖြစ်ရပါသည်။
   လူတထောင်မက သတ်ဖြတ်ခဲ့သော လူဆိုးကြီး အင်္ဂုလိမာလသည် မြတ်စွာဘုရား တည်းဟူသော သူတော် သူမြတ်နှင့် တွေ့ဆုံ ဆည်းကပ်ခွင့်ရ၍ လူဆိုးဘ၀မှ လွတ်မြောက်ရုံမက အာသဝေါကုန်ခန်း၍ ရဟန္တာ ဖြစ်သည်အထိ အကျိုးရသွားခဲ့တယ်လေ ။
ဒါကြောင့် ပညာရှိ သူတော်ကောင်းတို့နှင့်သာ ပေါင်းသင်း ဆက်ဆံကြ၍ ပညာရှိသူတော်ကောင်းတို့ ကျင့်ကြံ
နေထိုင်ကြသိအတိုင်း နေထိုင်နိုင်ရန် ကြိုးစားလိုက်ကြပါစို့ ။ ။

Saturday, June 18, 2011

အသေ၀နာ စ ဗာလာနံ


မင်္ဂလာတရား (၃၈)ပါးရှိတဲ့အထဲမှာ၊ “ အသေ၀နာ စ ဗာလာနံ” လူမိုက်နှင့် မပေါင်းဖေါ်ခြင်းသည် မင်္ဂလာတစ်ပါး
ဖြစ်ပေသည် ၊ ဆိုတဲ့မင်္ဂလာတရားတော်ကို မြတ်စွာဘုရားက နံပါတ် (၁)နေရာမှာထားပြီး
ဟောတော်မူခဲ့တာဟာ အလွန်အရေးအကြီးဆုံး ဖြစ်လို့ပဲလို့ ၊ သဘောပေါက် နားလည်ထား ကြရမှာ
ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြတ်စွာဘုရားသည် ဘယ်သောအခါမျှ အမှတ်တမဲ့ ကြုံသလို
ဟောပြောလေ့ မရှိပါဘူး။ အကြောင်းအကျိုး သဘာဝကျအောင် ဆင်ချင်ပြီး ဟောခဲ့တာပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရဲ့ တရားတော်မှာ၊ ဖြည့်စရာ၊ နုတ်စရာ၊ ပြင်စရာ မရှိအောင် တိကျလှပါတယယ်။ လူမိုက်ဆိုတာ
ပါဠိလို “ဒွေအတ္တေ လုနာတီတိ ဗာလာ”  မိမိအကျိုးစီးပွါး၊ သူတစ်ပါးအကျိုးစီးပွါး နှစ်ပါးစလုံး
ဖျက်ဆီးတတ်သူလို့ ဆိုပါတယ်။ဒါကြောင့် လူမိုက်နှင့် ပေါင်းဖေါ်ခြင်း မှ ရှောင်ကြဉ်ပါ။ လူမိုက်ဆိုတာ
သူတယောက်တည်း မိုက်ရုံနဲ့ ကျေနပ်နေတာမဟုတ်ဘူးတဲ့ ကိုယ်နဲ့ ပေါင်းသင်းနေတဲ့ အပေါင်းအသင်းကိုပါ၊
မကောင်းမှုလုပ်ဖို့ရာ အဖေါ်စပ်ချင်၊ အဖေါ်ညှိချင်ကြတယ်။ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်တဲ့သူ ဆိုရင်တော့
သူနဲ့အတူရောပြီးမိုက်မိမှာပဲ။ လူမိုက်ကြီး ဒေ၀ဒတ်နဲ့ ပေါင်းဖေါ်မိလို့ ဖခင်ကိုသတ်မိတဲ့ အဇာတသတ်ဘုရင်ဟာ
ရနိုင်ခွင့်ရှိသည့် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆုံးရှုံးရုံမျှမက အ၀ီစိ၏ အရံဖြစ်သော ဥဿဒ ငရဲသို့ပင်
ကျရောက်နေရတယ် မဟုတ်လား ။
    ဘယ်လိုလူမျိုးကို လူမိုက်လို့ခေါ်တာလဲဆိုတော့
(၁)အပြစ်မကင်းသော အကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း =ဒုစ္စိန္တိတစိန္တီ
 (၂)အပြစ်မကင်းသော စကားကိုသာ ပြောဆိုလေ့ရှိခြင်း=ဒုဗ္ဘာသိတဘာသီ
(၃)အပြစ်မကင်းသော အလုပ်ကိုသာ ပြုလုပ်လေ့ရရှိခြင်း  = ဒုက္ကဋကမ္မကာရီ ၊ဤသုံးပါးသည် လူမိုက်ဟု သိကြောင်း အမှတ်လက္ခဏာတွေပဲ ဖြစ်ပါတယ် ။
  “ အသေ၀နာ စ ဗာလာနံ”  ဒုစရိုက်ပြုငြား လူမိုက်များကို နီးပါးမယှဉ် ဝေးစွာကြဉ်၍ ခင်မင်သမှု
အပေါင်းအသင်း မပြုခြင်းသည် ၊ဥတ္တမံ-ချမ်းသာဆောင်တတ် လွန်ထူးမြတ်သည့်၊ မင်္ဂလံ-ကြီးပွါး
ချမ်းသာကြောင်း ကောင်းမြတ်သော မင်္ဂလာပါပေတည်း။ ။

ကံ၊ ကံ၏ အကျိုး


လောကတွင် မကောင်းမှုများလုပ်ရင်း ချမ်းသာနေသူများရှိသလို ကောင်းမှုလုပ်နေသော်လည်း ဆင်းရဲမြဲ ဆင်းရဲနေသူများလည်း တွေ့ရပေမည်။ ယင်းမှာ အတိတ် ကုသိုလ် အကုသိုလ်ကံ အကျိုးပေး အားကြီးနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် အရာရာကို အတိတ်ကံကိုချည်း ယိုးမယ်ဖွဲ့နေ၍လည်း မဖြစ်။ ပစ္စုပ္ပန်အားထုတ်မှုက အတိတ်အကျိုးကို အနာဂတ် အကြောင်းဖြစ်အောင် ပြောင်းလဲ ပစ်နိုင်သော မောင်းနှင်အား ဖြစ်ပါသည်။ အတိတ်က အကုသိုလ်ကံ အကျိုးပေးလာခိုက် ပစ္စုပ္ပန် ဒိဋ္ဌဓမ္မဝေဒနိယ ကုသိုလ်ကံက အားနည်းပင် နည်းငြားသော်လည်း အကျိုးပေးမည့် အကုသိုလ်ကံ ချိနဲ့ သွားနိုင်သလို အတိတ်က ကုသိုလ်ကံ အကျိုးပေးခိုက်ကြုံလျှင်လည်း ရေမြောင်းတွင်းမှ ရေများ မိုးရေနှင့်ရော၍ ဒလဟောစီးသလိုကုသိုလ်ကံအကျိုးပေးက အားကောင်းမောင်းသန်ဖြစ်လာ မည်။ အတိတ်မှာ ပြုခဲ့သောကံ ဖြစ်သဖြင့် မိမိစိုက်ခဲ့သော အပင်၏ အသီးကို မိမိမစားချင်လို့ မရ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ယခု ဘ၀တွင် လက်ခံရတော့မည်။ လက်ရှိဘ၀တွင် ရုပ်အဆင်း လှခြင်း မလှခြင်း၊ အသက် ရှည်ခြင်း တိုခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ ခြွေရံ များခြင်း၊ နည်းခြင်း၊ စသည်တို့မှာ ဘ၀ပေါင်းများစွာက စိုက်ခဲ့သော အပင်၏ အသီးများ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကုသိုလ်ကံအကျိုးပေးတော့မည် အကုသိုလ်ကံအကျိုးပေးတော့မည်ကို သာမန်လူတို့အဖို့ ကြိုတင်သိရှိရန် မလွယ်ကူပေ။ မိမိလုပ်ရမည်မှာလက်ရှိ ပစ္စုပ္ပန်တွင် သဟဇာတကံများကို ကောင်းမှုများသာ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ ယောနိသော မနသိကာရ သင့်တင့်စွာနှလုံးသွင်းပြီး ၀ီရိယ၊ ဉာဏ်အားစိုက်ထုတ်ကာ ကောင်းမှုများကို ပျိုးထောင်နေခိုက်တွင် အရိပ်သဏ္ဍန်လိုက်နေသော အကုသိုလ်တို့ အကျိုးပေးခွင့်မသာပေ။အကျိုးပေးဦးတော့ အကုသိုလ်အသေးစားတွေသာ အခွင့် သာတော့သည်။ အကယ်၍ ပစ္စုပ္ပန် ကောင်းမှု သဟဇာတကံများ အားကြီးခိုက်တွင် အတိတ်က အကုသိုလ်ကံများလုံးဝ အကျိုးပေးခွင့် မရသေးပဲ အတိတ်ကုသိုလ်ကံများသာ  အုံနဲ့ကျင်းနဲ့ ထပ်လောင်း အကျိုးပေးဖို့ အခွင့်သာ သွားနိုင်သည်။
 ကံ၊ကံ၏အကျိုးပေးပုံကို ကမ္မဿကတာသမ္မာဒိဌိဉာဏ်ဖြင့် ကျကျနန သိရှိထားပါက ဤလောကီလူ့ဘောင်၌ နေ့တစ်ဓူဝ ဆောင်ရွက်သမျှ ကိစ္စအ၀၀တွင် ယောနိကော မနသိကာရ (သင့်တင့်စွာနှလုံးသွင်းခြင်း)ဖြင့် ကောင်းမှု အစုစု နေ့စဉ်ပြုကြရင်း လောကဓံ အကောင်းအဆိုးတို့ ရိုက်ခတ်လာသည့်အခါ တည်တည်ငြိမ်ငြိမ်နှင့် မှန်မှန်ကန်ကန် ရှုမြင်နိုင်သော ကလျာဏပုထုဇဉ်များ ဖြစ်လာကြမှာ သေချာပါတယ် ။
ဒီတော့ ငါ ကျိုးစားပြီး လုပ်နေတာပဲကွာ၊ ကံကိုက အကျိုးမပေးတာ ဆိုပြီး စိတ်ဓါတ်ကျမနေပါနဲ့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ် အခုမရလည်း တချိန်ချိန်တော့ ရမှာသေချာနေတာပဲ မဟုတ်လား။ ကိုယ်က အသီး သီးတဲ့ အပင် စိုက်ထားမှတော့ ဒီအပင်ကအသီးကို တချိန်ချိန်မှာ စားရမှာပဲပေါ့ ။ ။

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ