Saturday, June 11, 2011

လယ်တီဆရာတော်ကြီး၏ဆုံးမစကား

လယ်တီဆရာတော်ဘုရားကြီးမှ ဘီးလင်းရှိ ရသေ့(သုံး,လေးဦး) အား ဆုံးမစကား 
 အေး….. ကောင်းပေတယ်။ သတ္တ၀ါတွေကို ကယ်ဖို့ အထူးလုပ်နေရတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကုန်းပေါ် အရင်ရောက်အောင် ကယ်တင် ကူးမြောက်ပြီးမှ နစ်နေတဲ့လူကို ကယ်နိုင်တာ။ ခုလို ကိုယ့်တရား ကိုယ်အားထုတ်နေတာဟာ သတ္တ၀ါတွေကို ကယ်နေတာပဲ။ ဒါပေမယ့် နည်းလမ်းအခြေခံ မှန်ဖို့လိုတယ်။ ဒကာ ရသေ့ပြောတဲ့ သီလ, သစ္စာ အစရှိတဲ့ တရားတွေဟာ အခြေခံမဓာန ပါရမီတရားကောင်းကြီးတွေပဲ။  အသံအမည် တူသော်လည်း အစစ်အမှန်ဖြစ်ဖို့ မလွယ်ဘူး။အစစ်အမှန်ဖြစ်စေဦး “ ပဏီစိတ” မမှန်ရင်လဲ အကျိုးမများဘူး။ ပဏီဟိတဆိုတာ ရည်ရွယ်မှန်းထားတာကို ခေါ်တယ်။ နိဗ္ဗာန်ကို ရည်ရွယ်ပြီး လုပ်မှသာ သမ္မာပဏီဟိတ ဖြစ်ပြီး ဒုက္ခခံရကျိုး သာသနာနဲ့တွေ့ရကျိုး နပ်တယ်။ သတ္တ၀ါတွေအတွက်ဟု ဆို၍ မြင့်မြတ်တဲ့သဘောလက္ခဏာ ဆောင်စေကာမူ ၀ဋ္ဋဘိရတ လောကိယနယ်၌သာ တစ်စုံတစ်ခုသော တန်ခိုးအထူးဖြင့် ငြိတွယ်စေပြီး ၀ဋ်နွယ်ရှည်စေမယ့် သီလ, သစ္စာ, မေတ္တာအဓိဋ္ဌာန်နဲ့ အာနပါန တွေဖြစ်နေလျှင် ၀ဋ်ဘ၀ကူးမြောက်ကြောင်း ပါရမီဆိုတဲ့စကားနဲ့ တခြားစီ ဖြစ်တယ်။ အသံမျှသာ တူတယ် ဦးရေသ့။ အစွမ်းထက်လှတဲ့ ၀ရဇိန်လက်နက်ကို မုဆိုးလိုက်ရုံ သုံးသလို ဖြစ်နေတယ်။သတ်သတ်လွတ်၊ မီးလွတ် စားတဲ့အကျင့်လဲ သာသနာတော်ကျင့်ထုံးမဟုတ်၊ သီလကအစ သမာဓိအဆုံး ဒါတွေအားလုံးဟာ “စရဏ” ပဲ။ ဒီစရဏမမှန်ရင် ၀ိဇ္ဇာညဏ် မရနိုင်ဘူး။ ဒီစရဏ ပါရမီ မှန်မှန်နဲ့ သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းအားထုတ်သူများပင်လျှင် နိဗ္ဗာန်ကို လိုချင်ကာမတ္တနဲ့ မရနိုင်ဘူး။ “ပတိတတ္တော” (နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်) အမြဲရှိနေရမယ်လို့ ဟောတော်မူတာ။ ဒီဘ၀နဲ့ ဒီအလုပ်ပဲလို့ တစ်ခါတည်း ငုတ်ရိုက်ထားထားတာကို “ပဟိတ္တ” လို့ ခေါ်တာပဲ။ဓာတ်လုံးဝါသနာသန်တဲ့ ပုဂ္ဂိုလ်ဟာ သွားလဲဒီစိတ်။ စားလဲ ဒီစိတ်၊ အိပ်လဲ ဒီစိတ် ရှိနေသလို ရှိနေရမယ့်ကွဲ့။ အခြေပါဒ စရဏကလဲ မခိုင်မာ၊ ရည်ရွယ်မှန်းထားချက်ကလည်း “သမ္မာပဏီဟိတ” မဖြစ်။ ပဏီဟိတ စိတ်ကလည်း မစွဲမြဲလျှင် မည်သို့ပင် ခြိုးခြံခေါင်းပါးစွာ အနှစ်တရာ၊ အထောင် ကျင့်ကြံသော်လည်း ပဋိဝေဓသို့ မဆိုက်ရောက်နိုင်ဘူး။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ သာသနာတော်ရိုးရာ စားဝတ်နေရေး ခြိုးခြံတာတွေပင်လျှင် တဒင်္ဂပဟာန်မျှသာ ဖြစ်၍ ဥပါဒါန် လွတ်မြောက်နိုင်သော အလုပ်မျိုးမဟုတ်။ တောချုံပုတ်ကို ခုတ်ထွင်ခြင်းသည် အသစ်တစ်ဖန် စည်ပင်ရန် ဖြစ်သလို နောက်ဘ၀အတွက် ဥပါဒါန်ချုံပုတ်ကြီးကို ပိုပြီး စည်ကားရန် ပြုသလို ဖြစ်နေတယ်။
အင်း အသစ်တစ်ဖန် ပြန်လည် မစည်ကားနေနိုင်အောင် အပြီးသတ် အမြစ်ကနေ ရှင်းလိုက်ကြပါစို့.....(ကိုသူရ/Forever friend ..ထံမှကူးယူဖေါ်ပြပါသည် )

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ