Saturday, June 11, 2011

နိဗ္ဗာန်နှင့်လမ်းညွှန်သူ


       နိဗ္ဗာန်သည် ထင်ရှားရှိ၏။ နိဗ္ဗာန်ရောက်ကြောင်းလည်း ထင်ရှားရှိ၏။ လမ်းပြသူအရှင်ဘုရားလည်းရှိ၏။  အဘယ့်ကြောင့် အချို့ရကြ၍ အချို့မရကြပါသနည်း။
 “ပုဏ္ဏား….သင်သည် ရာဇဂြိုလ်ပြည်သို့သွားရာလမ်း သိပါသလား”
“သိပါသည် အရှင်ဘုရား”
“လူနှစ်ယောက်ကို သင်က ရာဇဂြိုလ်ပြည်သို့ သွားလိုလျှင် ဘယ်လမ်းကနေ ဘယ်လိုသွား၊ ဘယ်ကို ရောက်လိမ့်မည်ဟု ညွှန်ပြ၏။ တယောက်သောသူသည် သင်ညွှန်သည့်အတိုင်းသွားသောကြောင့် ရာဇဂြိုလ်ပြည်သို့ ချောမောစွာရောက်၏။ တယေက်သောသူကမူ သင်ပြောသည့်အတိုင်း မသွားသဖြင့်၊ လမ်းလွှဲကာ ပြန်လာရ၏။ ‘ပုဏ္ဏား’ ရာဇဂြိုလ်လည်းထင်ရှားရှိ၏ ၊ ရာဇဂြိုလ်သို့သွားရာလမ်းသည်လည်း ထင်ရှားရှိ၏ ၊ ညွှန်ပြသူ သင်ပုဏ္ဏားလည်း ထင်ရှားရှိနေ၏ ။ သို့ပါလျှက် တယောက်က ရောက်၍ တယောက်သောသူမှာ အဘယ့်ကြောင့် မရောက်ပါနည်း”
“မတတ်နိုင်ပါ အရှင်ဘုရား ၊ တပည့်တော်သည် လမ်းပြသူ လမ်းညွှန်သူသာ ဖြစ်ပါသည်”
“ပုဏ္ဏား၊ ထို့အတူပဲ၊ နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းလည်းရှိ၏။ ညွှန်ပြဆုံးမတတ်သူ ငါဘုရားလည်းရှိ၏။ သို့ပါလျှက် အချို့မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြ၍ အချို့မှာ မရကြခြင်းသည် ငါဘုရားအပြစ်မဟုတ်ပါ ။ ငါသည်လည်း နည်းလမ်းညွှန်ပြ ဆိုဆုံးမတတ်သူသာဖြစ်သည် ။”
(ဗုဒ္ဒ-ဥပရိပဏ္ဏာသဂဏမောဂ္ဂလ္လာနသုတ်)
           အထက်ပါ သုတ်တော်အတိုင်း ၊ မြတ်စွာဘုရားကိုယ်တော်တိုင် မိန့်ကြားခဲ့သလိုပါပဲ ။ အရားရိပ်သာ၊ တရားစခန်းများရှိ၊ ကမ္မဌာန်းပြ ဆရာတော်များသည်လည်း ၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် မျက်မှောက်ပြုနိုင်ကြစေရန် သင်ကြားပြသပေးရုံသာ ဖြစ်ပါတယ် ။ နည်းမှန် လမ်းမှန်ဖြင့် ညွှန်ကြားပြသသည့်အတိုင်း မိမိကိုယ်တိုင် အမှန်တကယ် ရှုမှတ် ပွားများ ကြိုးစား အားထုတ်ကြမှသာလျှင် မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန် ချမ်းသာမြတ်ကို သိရှိ ခံစား မျက်မှောက်ပြုကြရမှာ ဖြစ်ပါတယ် ။ သို့သော် နည်းမှန် လမ်းမှန်ဖြင့် သင်ကြားပြသပေးနိုင်သော၊ တရားရိပ်သာ၊ တရားစခန်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။
       ဒီလိုမှ မဟုတ်ရင် ၊ ရာဇဂြိုလ်ပြည်သို့ လမ်းညွှန်တဲ့အတိုင်း မသွားခဲ့လို့ ၊ပြန်လှည့်လာခဲ့ရတဲ့ တယောက်လို ဖြစ်မှာပါပဲ။
      နည်းမှန် လမ်းမှန် အကျင့်မှန်ုနှင့်၊ ကျင့်ကြံပွားများ ကြိုးစား အားထုတ်နိုင်ကြပြီး၊ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေ။  ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ