Saturday, June 18, 2011

ဖိတ်ခေါ်ပါတယ်မိတ်ဆွေ

တရားဂုဏ်တော်(၆)ပါး ထဲမှာ…..ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ ဧဟိပဿိကော = လာခဲ့စမ်းပါ ရှုစမ်းပါဟု ၀မ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း ။ အဲ့ဒီလို မိန့်ကြားထားတယ်လေ ။

     ငါတို့ဘုရားပြောခဲ့တာဆိုပြီးလည်း မယုံပါနဲ့..
ငါ့မိဘကပြောခဲ့တာဆိုပြီးလည်းမ ယုံပါနဲ့ဦး။
စာအုပ်ထဲမှာ ပါတာပဲ ဆိုပြီးလည်း မယုံပါနဲ့ဦး။
မင်းဆရာတွေ ပြောတာလည်းမယုံပါနဲ့.
ဘယ်သူ့ကိုမှမယုံသလို မင်းကိုယ်မင်းလည်း မယုံပါနဲ့..
ကိုယ်တိုင် လုပ်ကြည့်ပါ.။.ဟုတ်မှ သိ.၊ သိမှ ခံစား၊ ခံစားတတ်မှ လက်ခံပါ တဲ့လေ။ ဒီလိုမဟုတ်လား ။
     ပျားရည်ဆိုတာ ချိုတယ်လို့ လူတိုင်းက ပြောနေကြတယ်နော်။ ကိုယ် ကိုယ်တိုင် မစားကြည့်ပဲ ၊ ဟုတ်တယ် ချိုတယ်လို့ လက်ခံလိုက်တော့မှာလား ။ ကိုယ်တိုင် စားကြည့်မှသာ ချိုတဲ့အရသာကို ကိုယ်တိုင် ခံစားရမှာနော် ။ ကိုယ်တိုင် စားကြည့်တာတောင်မှ သေသေချာချာ အရသာ စူးစူးစိုက်စိုက် မခံစားပဲ သမံကာလျှံကာ စားကြည့်ယုံလေးပဲ ဆိုရင်..အင်း..ဟုတ်တယ် ချိုတယ် ၊ ဒါပဲသိမှာပဲ ။ ဒီလို မဟုတ်ပဲ သေသေချာချာ စူးစူးစိုက်စိုက် အရသာကို ခံစားကြည့်မှ..၊ပျားရည်ထဲမှာ အချိုတမျိုးတည်း မဟုတ်ပဲ ခါးသက်သက် အရသာလေးလည်း သိရမယ်၊ ရှတတ အရသာလေးလည်း ခံစားရမယ် ၊ မျိုချလိုက်တော့ လည်ချောင်းတလျှောက် ပူရှိန်းရှိန်းလေး ။
      နိဗ္ဗာန်ဆိုတာ ဟိုလိုလေးလေ ၊ ဒီလိုလေးပါ၊ ဆိုပြီး သူများပြောတာတွေပဲ နားထောင်ပြီး လမ်းဆုံး မနေပါနဲ့ ။ ကိုယ်ကိုယ်တိုင် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မာ၊ ဆိုတဲ့ သိပဌာန်လေးပါး မြတ်တရားတို့ကို စေ့စေ့စပ်စပ် စူးစူးစိုက်စိုက်နဲ့ ကျင့်ကြံ ပွါးများ ကြိုးစား အားထုတ်ကြည့်ကြမှသာ ကိုယ်တိုင်  သိရှိ ခံစား စံစားကြရမှာ ဖြစ်ပါတယ်။
     ဒါကြောင့် ဗုဒ္ဓဘာသာသည် မျက်စိမိတ်၍ ယုံကြည်စေသော ဘာသာမဟုတ်ပါ။ လာခဲ့စမ်းပါ ရှုကြည့်ပါ ၊ ဟုတ်မှသိ၊ သိမှခံစား၊ ခံစားတတ်မှ လက်ခံယုံကြည်ပါ၊ဆိုပြီးမှသာ ဖိတ်ခေါ်တဲ့ဘာသာပဲ ဖြစ်ပါတယ်။ မည်သည့် ဘာသာဝင်များကိုမဆို ဖိတ်ခေါ်ပါတယ်မိတ်ဆွေ ။ ။

0 comments:

သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ
သတ္တ၀ါမှန်သ၍တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ